မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအားကစားနှင့်ကာယပညာသိပ္ပံ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက်ရောက်နိုင်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်ကျွန်း မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားနှင့် ကာယပညာသိပ္ပံ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက်ရောက်နိုင်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဆောင်ရွက်သည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က ယခုလိုဆွေးနွေးခဲ့ပါသည်။

“အားကစားနှင့်ကာယပညာသိပ္ပံ တက်ရောက်လိုသည့် ကျောင်းသား ကျောင်းသူများအနေနှင့် အဌမတန်းမှ စတင်လက်ခံပြီး ကျောင်းအိပ်ကျောင်းစားဖြင့် အားကစားလေ့ကျင့် သင်ကြားပေးပြီး ဒသမတန်းအောင်သည်အထိ ပညာသင်ကြားပေးကာ (ကျား) အရပ် ၅ ပေ ၄ လက်မ၊ ကိုယ်အလေးချိန်ပေါင် (၁၀၀)နှင့် (မ) အရပ် ၅ ပေ ၃ လက်မ ကိုယ်အလေးအချိန် (၉၅)ပေါင် ရှိရမှာဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းဖို့ လိုပါတယ်။ ကြံ့ခိုင်စွမ်းရည် (၅)မျိုးဖြစ်သည့် လျှင်မြန်မှုစစ်ဆေးခြင်း၊ ပုခုံးလက်ခွန်အားစစ်ဆေးခြင်း၊ ဝမ်းဗိုက်ခွန်အားဆန်းစစ်ခြင်း၊ ခြေထောက်ခွန်အား စစ်ဆေးခြင်းနှင့် သက်လုံစစ်ဆေးခြင်း စသည်တို့ကို အစစ်ဆေးခံနိုင်ရေး လေ့ကျင့်ထားဖို့လိုပါတယ်”

အထက်ဖော်ပြပါ အ‌ခြေခံအချက်များ ကောင်းမွန်စွာလုပ်နိုင်၍ ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်အရပ် ကိုယ်အလေးချိန် ကိုက်ညီမှုရှိကာ အားကစားလှုပ်ရှားမှုများကို စိတ်ပါဝင်စားစွာ လေ့ကျင့်နိုင်ပြီး အားကစားနည်းအလိုက် အခြေခံကျွမ်းကျင်မှု စစ်ဆေးချက်များ လုပ်ဆောင်နိုင်ပါက အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းသို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)