မအူပင်မြို့၌ နေအိမ်မှပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်း(Mask) မတပ်ဆင်ပါက ''ယခုဝယ်၊ယခုတပ်'' စနစ်ဖြင့် စတင်ဆောင်ရွက်

မအူပင် သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်မှပြင်ပသို့ထွက်ခွာသူများ ပါးစပ်နှာခေါင်းစည်း (Mask) မတပ်ဆင်ပါက “ယခုဝယ်၊ယခုတပ်” စနစ်ဖြင့် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ ပြည်သူများအနေဖြင့်မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရမည်ဆိုပါက ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များကို တပ်ဆင်ကြရမည်ဖြစ်ပြီး နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို မအူပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သြဂုတ်လ ၃၀ ရက်နေ့မှစတင်၍ သုံးခုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ''ယခုဝယ်၊ ယခုတပ်'' စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့ပေါ်နှင့်ကျေးရွာ အတွင်းရှိ ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် သြဂုတ်လ ၂၇ ရက်မှ သြဂုတ်လ ၂၉ ရက်နေ့အထိ အသိပညာပေး နှိုးဆော်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါနှာခေါင်းစည်း(Mask) တပ်ဆင်ရေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အား/ကာ မြို့နယ် တိုင်းရင်းဆေး၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ လူစည်ကားရာဘုရားလမ်းဆုံ၊ ရေလဲလမ်းမကြီး၊ ပြုံးချိုလေးစျေးထိပ်များတွင် အပြင်ထွက်သည့် ပြည်သူတိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်သည့် အလေ့အထ ဖြစ်စေရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်(မအူပင်)