ဗန်းမောက် ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲနေသည့် မြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် နှာခေါင်း စည်းများ စနစ်တကျ တပ်ဆင်ကြရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ နေ့စဉ်ကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့နံနက်ပိုင်းက မြို့မစည်ပင် သာယာရေးစျေးအတွင်း စျေးဝယ်၊ စျေးသည်များကို နှားခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်း၊ ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရန်၊ စျေးအတွင်း အသံချဲ့စက်၊ ဗီနိုင်းနှိုး ဆော်စာများဖြင့် လှည့်လည်နှိုးဆော်ခြင်း၊ နှာခေါင်းစည်း မတပ်သူများနှင့် စနစ်တကျမတပ်သူများကို စျေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက နေ့စဉ်ကြပ်မတ် ဆောင်ရွက်နေကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အောင်က ပြောသည်။
ထို့နောက် စည်ပင်သာယာရေး စျေးအတွင်း စျေးဝယ်၊ စျေးသည်များ နှာခေါင်းစည်းများ မတပ်ဆင်ခြင်း လာရောက်ပါက ဒဏ်ရိုက်သည့် အနေဖြင့် နှာခေါင်းစည်းနှစ်ခုလျှင် ငွေကျပ် ၅၀၀၀ ဖြင့် ဝယ်ယူတပ်ဆင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည့်စည်းကမ်း မလိုက်နာသည့် စျေးသည်များကို ဆိုင်ပိတ်သည်အထိ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင် သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကျော်စွာ (ဗန်းမောက်)