ဟိုပင် သြဂုတ် ၃၁
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက လူစည်းကားရာနေများဖြစ်သော ဟိုပင်မြို့ မြို့မစျေး၊ ကားဂိတ်နှင့် ရွှေဘို- မြစ်ကြီးနားလမ်း ပြည်ထောင်စုလမ်းမကြီး အ.ထ.က ဟိုပင်ကျောင်းရှေ့တို့တွင် နှာခေါင်းစည်း(Mask) ၁၅၀၀ ခုကို မြို့အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၀င်များနှင့် လူမှုကူညီရေးကား အသင်း ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များက အခမဲ့ ဖြန့်ဝေ တပ်ဆင်ပေးခဲ့ကြသည်။
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်ရောဂါ ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်း ရောဂါဖြစ်ပွားသူများပြားပြီး ကူးစက်မှုနှုန်းမြန်သည့်အတွက် ဟိုပင်မြို့တွင် ညမထွက်ရ ဒေသန္တရအမိန့်နှင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန် မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်များ နေ့စဉ်အသိပေးနှိုးဆော်မှုများကို အသံချဲ့စက်ဖြင့် လှည့်လည် ဆောင်ရွက်ထားပြီးဖြစ်သဖြင့် နှာခေါင်းစည်း မတပ်ဆင်ဘဲ ပြင်ပထွက်လာသူ ပြည်သူများအား အသိပညာပေးကာလအဖြစ် နှာခေါင်းစည်း (Mask) များအခမဲ့ ဝေငှတပ်ဆင်ပေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ပြီးဆုံးပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးဝေလင်းအောင်ထံမှသိရှိရသည်။
တိုးတိုးမေ−ဟိုပင်