ရေတာရှည် ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် သြဂုတ် ၃၀ ရက်နေ့ ညနေပိုင်းမှ ညပိုင်းအထိ ၈ နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျရေများကြောင့် ယနေ့ နံနက်ပိုင်းတွင် ကွင်းကြီး ကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာအုပ်စု အကြား အနောက်မှအရှေ့သို့ စီးဆင်း သော ပြီစုတ်ချောင်းငယ် ရေလျှံကာ ရန်ကုန်-မန္တလေး ကားလမ်းအနောက်ဘက်ခြမ်း သပြေတန်း ကျေးရွာအတွင်း ရေအမြင့် ၂ ပေ မှ ၃ ပေ အထိ ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၀ ကျော် ရေနစ်မြုပ် လျက်ရှိကြောင်း သိရသည်။
``မနေ့ကမိုးရွာတာ အတော့်ကိုများတယ် အရင်ရက်ကရွာတဲ့မိုးကြောင့် ကားလမ်းဘက်ခြမ်း အိမ်တွေထဲ ရေတက်နေတာ ည ၁၁ နာရီလောက်ကတည်းက တောက်လျှောက် တက်လာတော့ တာပဲ” ဟု သပြေတန်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြား သည်။ ရန်ကုန်-မန္တလေး ကားလမ်း တိုးချဲ့သည့်အခါ ကျေးရွာနှင့် ကားလမ်းအကြား ရေမြောင်းကျဉ်းမြောင်း သွားခဲ့ခြင်း ဖြစ်ပြီး အထက်ပိုင်းက ဝင်ရောက်လာ သော ရေစီးနှုန်းနှင့် ရေထွက်အားမမျှတရာက နှစ်စဉ် လိုလို မိုးရာသီ ကာလ ရောက်တိုင်း ယခုလိုကြုံတွေ့ကြရခြင်း ဖြစ်ကြောင်းသိရသည်။
ဆု (ပြန်/ဆက်)