ခမောက်ကြီး ဩဂုတ် ၃၁
ကော့သောင်းခရိုင်၊ခမောက်ကြီးဒေသအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ရှမ်း(၆)ရွာတွင် ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ခမောက်ကြီးမြို့မှ ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းကဆောင်ရွက် ကြောင်းသိရသည်။
နယ်စပ်ဒေသဖြစ်သည့် အားလျော်စွာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မပေါ့ဆကြရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာချက်များ အား လိုက်နာဆောင်ရွက်ရန်များကိုလည်း ကောင်း၊ မိုးရာသီတွင် ဖြစ်ပေါ် တတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား သတိထားကာကွယ်တတ် စေရန် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း ဆိပ်ဖူးကျေးရွာမှစတင်ကာ မာရမ်း၊လုံးဖော ၊ဖော့သုတ် အောင်ချမ်းသာ ၊အေးချမ်းသာစသည့်ကျေးရွာများသို့ ရွာစဉ်လှည့်၍ အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩ ဆောင်ရွက်ကြပြီး သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ကြသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်မောင်ဝင်းနှင့်ဝန်ထမ်းများ၊ ခမောက်ကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦးနှင့် ဌာနဆိုင်ရာများ ၊ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
နန့်လေးလေး