လေးမျက်နှာ သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား လေးမျက်နှာမြို့နယ် အသင်း(ရန်ကုန်)မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး လေးမျက်နှာ မြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကြီးမြင့်က ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် ကိုဗစ်-၁၉ ကာလအတွင်း လေးမျက်နှာ မြို့နယ်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ကိုဗစ်-၁၉ ကော်မတီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများဖြစ်သည့် အင်္ကျီ(၁၆)ထည်နှင့် ထီး(၁၆)လက်ကို လည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအား ချီးမြှင့်ငွေကျပ် (၅၀၀၀၀) ကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့အတွက် ဆန်အိတ်(၃၀)၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန အတွက် ဆန်အိတ်(၅၀)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အတွက် ဆန်(၁၀)အိတ်၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များအတွက် ဆန်(၁၀)အိတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များအတွက် ဆန်(၁၀)အိတ်၊ မြို့နယ်ပရဟိတ လူငယ်ဖွံ့ဖြိုးရေး ကျောင်းအတွက် ဆန်(၁၀)အိတ်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အရန်ဆန်အဖြစ် ဆန်အိတ်(၃၀)တို့ကို လည်းကောင်း၊ စုစုပေါင်း ဆန်အိတ်(၁၅၀)တို့အား လေးမျက်နှာမြို့နယ်အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကြီးမြင့်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ ကိုဗစ်-၁၉ ကော်မတီအတွင်းရေးမှူး ဒေါက်တာစုစုလှိုင်နှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန်ပြန့် ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာလေးမျက်နှာ မြို့နယ်အသင်း (ရန်ကုန်)ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြသည်။
ထိုနောက် လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)မှ နာယကကြီး ဦးနေဝင်း+ဒေါ်ခင်သင်းလွင် (ဝင်းကမ္ဘာလျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး၊ ရန်ကုန်)မှ ကိုဗစ်-၁၉ ကာလအတွင်း လေးမျက်နှာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာ(၃၆)ဦး၊ အိုင်သပြုဆေးရုံတွင် လူနာ(၈)ဦး၊ လှော်ကထားဆေးရုံတွင် လူနာ(၄)ဦး စုစုပေါင်း လူနာ(၄၈)ဦးတို့ အတွက် တစ်ဦးလျှင်ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၄၈၀၀၀၀)ကိုလည်းကောင်း၊ အန်ထရာဆောင်း ရိုက်ရန် ငွေကြေးအခက်အခဲဖြစ်နေသည့် အမျိုးသမီး(လူနာ)တစ်ဦးအတွက် ထပ်ဆောင်း ထောက်ပံ့ငွေကျပ် (၅၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၅၃၀၀၀၀)အား နာယကကြီးကိုယ်စား လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများက လူနာများလက်ဝယ်သို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)