ကသာမြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား “လူငယ်ရေးရာ အသိပညာပေး”ဟောပြောပွဲကျင်းပ

ကသာ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တနှင့် စည်းကမ်း ကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အားကစားစိတ်ဓာတ် မြင့်မားလာစေရန်နှင့် အသိပညာ ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကသာခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးသိန်းဆွေဝင်းက “စိတ်ဓာတ်ကောင်းဖြစ်ထွန်းရေးနှင့် စည်းကမ်း လိုက်နာရေး”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက “အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသီးသီး အသိပညာပေး ဟောပြောကြသည်။

ထို့နောက် ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃)မှ  ကျောင်းသား၊ ကျောင်းသူများအတွက် အားကစား ပစ္စည်းများ ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းများမှ ဆရာမကြီးများက လက်ခံ ရယူခဲ့ကြကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှလည်း ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)