ဖျာပုံမြို့နယ်၌ Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စတင်ဆောင်ရွက်

ဖျာပုံ   ဩဂုတ် ၃၁

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာသည့်အတွက် ကာကွယ်ထိန်းချုပ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြ သူများအားလုံး Mask မတပ်ဆင်ပါက ယခုဝယ် ယခုတပ် စနစ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင်  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ပြုလုပ်ရာတွင်  ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီတို့ ပူးပေါင်း၍  သြဂုတ် ၂၄ ရက်မှ ၂၉ ရက်အထိကို ပညာပေးကာလ သတ်မှတ်ကာ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာပါက Mask စနစ်တကျ တပ်ဆင်သွားလာရေးအတွက် အသိပေးလှုံ့ဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အသိပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ယနေ့ နေ့လည် (၁.၃၀)အချိန်မှ စတင်၍ ဖျာပုံမြို့ ၁၀ နာရီ စျေးထိပ်တွင် Mask မတပ်ဆင်သူများအား Mask (၃)ခုလျှင် ငွေ ၃၀၀၀ ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ်စနစ်ဖြင့် စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လှလှနွယ်(ပြန်/ဆက်)