မုံရွာမြို့၊ အလုံအထက-၂ ၌ လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မုံရွာ မတ် ၁၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ၊ ကျောင်းသား/ ကျောင်းသူလေးများအား ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ရည်ရွယ်လျက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၁၉ ရက်နေ့ ၁၂ နာရီအချိန်က မုံရွာမြို့၊ အလုံအထက-၂ ခန်းမ၌   ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မုံရွာခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါက်တာ ဒေါ်ခင်သူဇာစိန်က “စိတ်ဓာတ်ကောင်းဖြစ်ထွန်းရေး၊ စည်းကမ်းလိုက်နာရေး” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူလေးများ ပညာရည်ချွန် လူရည်မွန်ဖြစ်ရေးအတွက် လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်နိုင်စိုးက “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူလေးများ လူကောင်းလူတော်ဖြစ်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို မှန်မှန်ကန်ကန် ထိန်းသိမ်း စောင့်ရှောက်နိုင်စေရေး အတွက်လည်းကောင်း၊ ခရိုင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်အောင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် တန်ဖိုးရှိ လှသော လူငယ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးအတွက် လည်းကောင်း အသီးသီးဟောပြောခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများမှ စိတ်ပါဝင်စား စွာဖြင့် သိရှိလိုသည်များကို မေးမြန်းမှုများအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့   ကြောင်း သိရသည်။

ဆက်လက်ပြီး ခရိုင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်အောင်က မုံရွာမြို့၊ အလုံအထက-၂ အတွက် ဘောလုံး၊ ခြင်းလုံး၊ ဘောလီဘော စသည့် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ကြီး ဗိုလ်ကြီး ငြိမ်းချမ်းအောင်က လက်ခံရယူ ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသော ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)