ဘိုကလေး ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယမန်နေ့နံနက်(၈)နာရီမှ စတင်၍ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများအား နှာခေါင်းစည်း (Mask) (၃)ခုလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ယခုဝယ်ယခုတပ် စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။
အဆိုပါအစီအစဉ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်တွင်းလူစည်ကားရာ အရပ် များတွင် နေ့စဉ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဘိုကလေးမြို့နယ်အနေဖြင့် ဩဂုတ်(၂၈)ရက်နေ့နှင့်(၂၉)ရက် တို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အတွက် အသိပညာပေးကာလအဖြစ် သတ်မှတ်ကာ နှာခေါင်းစည်း (Mask)များ အခမဲ့ပေးဝေခဲ့ကြကြောင်း၊ မြို့နယ်တွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက်လည်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)