ဘားအံ မတ် ၁၉
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ အသင်း များမှ အားကစားသမားများအား ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ဆက်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည့် မြို့နယ်(၇) မြို့နယ်မှ လက်ရွေးစင် ဘောလုံး အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အားကစားပြိုင်ပွဲများကို အသက်ကန့်သတ်ချက်များ ထားရှိပြီးကျင်းပပေးသည့်အပေါ် တစ်ချို့သော အသက်ကန့်သတ်ချက်ကျော်လွန်သည့် အားကစား သမားများအနေဖြင့် ကိုယ်စားပြုကစားပေးနိုင်ရန် အခွင့်အရေးများ ရှုံးဆုံးလက်လွတ် ခဲ့ကြရကြောင်း၊ ထိုအခွင့်အရေးများ ပြန်လည်ရရှိခံစားနိုင်ရန် ထည့်သွင်းစဉ်းစားပြီး ယခုအမျိုးသား အလွတ်တန်းပြိုင်ပွဲကြီးကို ဖြစ်မြောက်အောင်ပြုလုပ်စီစဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အားကစား သမားများအနေဖြင့် တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှု၊ မိမိတို့ဒေသတွင်း အခြေအနေနှင့် အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်နိုင်မှုစသည့် အကျိုးတရားများကို အခြေတည်၍ ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးများကို စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကိုလည်း သတ်မှတ် စည်းမျဉ်း၊ စည်းကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့အသင်းအနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင် ကစားသွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)