ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၃/၂၀၂၂) အစည်းအဝေးကျင်းပ

ဘားအံ မတ် ၁၉

ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ စပ်ဆက်နေသည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား လိုက်နာဆောင်ရွက်ကြဖို့လိုကြောင်း၊ ကိုဗစ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့တိုးတက်လာစေရေး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို စီမံဆောင်ရွက်ထားကြစေလိုကြောင်း၊ မီးခိုးမထွက်သည့်စက်ရုံဟု တင်စားခေါ်ဝေါ်ကြသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို လယ်ယာကဏ္ဍနှင့်အတူ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ယခုအစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်၏ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံဦးသက်လင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ယခုအစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ပေး ရမည့်ကိစ္စရပ်များကို Power Point အသုံးပြု ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)