ဇီးကုန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှု ဌာနဆိုင်ရာ ရုံးများအား လိုက်လံစစ်ဆေး

ဇီးကုန်း မတ် ၁၈

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေး ခဲ့ကြသည်။

ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာသဖြင့် မိမိတို့ရုံးဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် စီမံချက်နှင့် ကာကွယ်ရေးပစ္စည်းများ စီမံဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်း ထားရှိမှု စနစ်တကျရှိစေရေး၊ ရေရရှိရေး စီမံဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်းများ မီးသတ်ဆေးဘူး ကိုင်တွယ် အသုံးပြုတတ်မှုနှင့် မီးသတ်ယာဉ် အလွယ်တကူ ဝင်/ထွက်နိုင်မှုတို့ကို ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသန်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မိုက္ကရိုဝေ့ဗ်၊ အိတ်ချိန်းရုံး၊ စာတိုက်နှင့် မြို့နယ် စည်ပင်သာယာရေးရုံးများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့အပြင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ် မီးကပ်၊ သဲပုံးရေပုံးများ စီစဉ် ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် မီးဘေးလုံခြုံရေးအတွက် အလေးထား ဂရုပြုဆောင် ရွက်ကြရန်၊ မီးဘေးအန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့လာပါက သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ရန်တို့ကို ရုံးတာဝန်ခံများအား ဆွေးနွေးမှာကြားခဲ့ပြီး၊ အခြားဌာနဆိုင်ရာ ရုံးများသို့လည်း ဆက်လက် စစ်ဆေး အသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဦးသန်းနိုင်ဦးထံမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)