ပြည်ကြီးမဏ္ဍိုင်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပဖြေဆိုနိုင်ရေး ကျောင်းအနီး လူနေအိမ်များတွင် မီးဘေး အန္တရာယ်မဖြစ်ပွါးရေး ကွင်းဆင်းစစ်ဆေး

ပြည်ကြီးမဏ္ဍိုင် မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မကြာမီကာလတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပဖြေဆိုနိုင်ရေး ကျောင်းအနီး လူနေအိမ်များတွင် မီးဘေးအန္တရာယ် မဖြစ်ပွါးစေရန် မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲကျင်းပမည့် စာစစ်ဌာန တစ်ခုဖြစ်သည့် ပြည်ကြီးမဏ္ဍိုင်မြို့ အ.ထ.က စာစစ်ဌာနရှိရာ  လေညာအရှေ့ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ပြည်ကြီးမဏ္ဍိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ အိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရန်ရှောင်ရန် ကိစ္စများ၊ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ အိမ်များတွင်မီးဖိုချောင် မီးသုံးစွဲမှု စနစ်ကျမှုရှိစေရန်တို့ကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခဲ့ကြပြီး စာမေးပွဲ ကာလအတွင်း မီးဘေးန္တရာယ် မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးမှုများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)