ဇလွန် မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံ စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဆက်လက်နှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆက်လက် နှိုးဆော်ခြင်း ကို ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများက ဇလွန်မြို့ပေါ်ရှိ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် မီးဘေး လုံခြုံရေး ဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ စီစဉ်ဆောင်ရွက် ထားရှိရေး၊ မီးလောင်ကျွမ်းမှု ဖြစ်စေတတ်သော လောင်စာဆီများနှင့် လောင်စာများ သိုလှောင် ထားခြင်း မပြုရန်၊ နေအိမ်တွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ် ဝါယာကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ အခါအားလျော်စွာ စစ်ဆေးအသုံးပြုရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု/ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့် တစ်ပြေးညီ သတင်း ပေးပို့အကူအညီ တောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)