လောင်းလုံးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား‌၊ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုတက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိရန် ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

လောင်းလုံး  မတ် ၁၈

ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များ အားလပ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်က လောင်းလုံးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမနှင့်ကလေးစာဖတ်ခန်းတို့၌ ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဦးကကျောင်းသား၊ ကျောင်းသူများအား နွေရာသီအားလပ်ရက်များတွင် စာကြည့်တိုက်သို့ လာရောက်၍ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ စာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်၍ ထိုးထွင်းကြံဆတက်စေရန်နှင့် အချင်းချင်း ပူးပေါင်းကူညီဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အင်္ဂလိပ်စကားလုံးဆက် ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲနှင့် ဘော်လုံးပစ်ကစားနည်းပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ပြီး ဝန်ထမ်းများမှ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြကြောင်း သိရသည်။

လောင်းလုံး (ပြန်/ဆက်)