ရေကြည် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင် အသစ်ပြုလုပ်နိုင်ရေး၊ အိမ်ထောင်စုဇယားမှာ မိမိအမည်ပါဝင်ပြီး မှတ်ပုံတင်မပြုလုပ် ရသေးသူများ၊ နံပါတ်မှားယွင်းနေသူများ၊ ပျက်စီး/ပျောက်ဆုံးသူများ၊ အသက်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ခွင့် မဆုံးစေရေး တို့အတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ သစ္စာစီမံချက် ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် (၈)နာရီတွင် ဗထူးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ များလိုက်နာရမည့် စည်းကမ်းချက်များ၊ ရရှိခံစားရမည့် အကျိုးကျေးဇူးများ သိကောင်းစရာ များအား ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၉)ကတ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)