ဒေးဒရဲ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် လူစည်ကားရာ နေရာများတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း များက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါသည် မြို့နယ်အတွင်း ရောဂါပိုး ကူးစက်မှုများ နေ့စဉ်တွေ့ရှိနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် မိမိတွင် ရောဂါပိုးကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်ဝစွာ မပျက်မကွက်ထိုးနှံကြပါရန် နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့် အညီ နေထိုင်နိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း စက္ကန့် (၂၀) ကြာ လက်ကို မကြာခဏ ဆေးကြောရန်၊ လူထူထပ်သောနေရာ များကို ရှောင်ရှားရန်နှင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြပါရန် Hand speaker ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)