လူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် စုပေါင်းလေ့ကျင့်မှုများ ဆောင်ရွက်

ကြို့ပင်ကောက် မတ် ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်မီတာလေးရာ ပြည်သူ့အားကစားကွင်းတွင် စုပေါင်းလေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုင်း၊ ခရိုင်၊ မြို့နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားနှင့် ကျန်းမာရေး ပညာရေး စိတ်ဓာတ်ရေးရာများတွင် ထူးချွန်သော လူငယ်များ ပေါ်ထွက်လာစေရေး၊ အခြားမလိုလားအပ်သော လမ်းကြောင်းများ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရည်ရွယ်ပြီး စုပေါင်းလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းဖွင့် ရာသီတွင် မြို့နယ်အတွင်းမှအသက် ၁၃ နှစ်နှင့်အသက် ၂၀ ကြားလူငယ် ၃၀ ကျော် လာရောက် လေ့ကျင့်လျက်ရှိကြောင်း စာမေးပွဲများ ဖြေဆိုနေရချိန်တွင် ခေတ္တအနားပေးထားပြီး နွေရာသီကျောင်းပိတ် ရက်တွင် ဆက်လက်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ယခင်နှစ်က နွေရာသီကျောင်းပိတ်ရက်တွင် လူငယ် ၆၀ ကျော် လာရောက်လေ့ကျင့်ခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်က ပြောသည်။

ကြို့ပင်ကောက်မြို့ ဒေသခံလူငယ်များအတွင်းမှ ယနေ့အချိန်အထိ အားကစားနှင့်အတူ စိတ်ဓာတ်ရေးရာ ထူးချွန်သော တိုင်းလက်ရွေးစင်ဗန်တို အားကစားသမား လူငယ် (၃)ဦးနှင့် အနောက်တိုင်း လက်ဝှေ့ အမျိုးသမီး(၁)ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း