စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ပုသိမ် မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင် ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။  ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်းမှ အမှာစကားပြောကြားရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ  (၂၂)ရက်နေ့က စာရင်းအင်းဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၁ မေလ ၁၄ ရက်နေ့တွင် အမျိုးသားစာရင်းအင်း စနှစ်တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား စာရင်းအင်းဥပဒေ နည်းဥပဒေများနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ကာ စာရင်းအင်းလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရာမှာ ဥပဒေနှင့်အညီ ဌာနဆိုင်ရာများအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ပြီး ယခုအခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းဇော်မှ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ဌာနဆိုင်ရာအဖွဲ့များအနေဖြင့် စာရင်းအင်းကိစ္စရပ်များ ဆောင်ရွက်ရာမှာ  ပူးပေါင်းဆောင်ရွက်မှု သည် အရေးပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် သိရှိလိုသည်များ ရှိပါက မေးမြန်းနိုင်ပါကြောင်း ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးမှ ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် အခမ် းအနား တက်ရောက်ကြသူများ၏ မေးခွန်းများကို ဖြေကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ  နုတ်ခွန်းဆက်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်