ဟင်္သာတ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အဆင့်မြင့်ပညာဦးစီးဌာန၊ ဟင်္သာတ တက္ကသိုလ် ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ တက္ကသိုလ် ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်စား ဒုရဲမှူး ခင်လတ်က အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုမရှိစေရေးနှင့် ပြဌာန်းထားသော ပြစ်မှုပြစ်ဒဏ်များ၊ ထုတ်ပြန်ထားသော ပုဒ်မများကို ရှင်းလင်းဟောပြောခဲ့ပြီး ဟင်္သာတခရိုင် ဥပဒေအရာရှိ ဒေါ်မြင့်မူက တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ဖြစ်ပွား တတ်သော မှုခင်းများ၊ လူငယ်နှင့် မူးယစ်ဆေးအကြောင်းများကို အကျယ်တဝံ့ ဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသော ဥပဒေဆိုင်ရာ မေးခွန်းများကို အပြန်အလှန် ပြန်လည်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သော ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဇော် -ဟင်္သာတ