အင်္ဂပူ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီး ဌာနမှ ယမန်နေ့ နံနက်ပိုင်းက ကျွဲသောင်ကျေးရွာအုပ်စု၊ မှန်ကုန်းကျေးရွာသို့သွားရောက်ပြီး လေပြင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များ အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်း သုံး အိမ်ဆောက်ပစ္စည်း ဝါး၊ ဝါးထရံနှင့် ဓနိများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့ ဦးဆောင် သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများမှ လေပြင်းဒဏ် မခံနိုင်သော အိုးအိမ်များအတွက် အိမ်ဆောက်ပစ္စည်း ဝါး၊ ထရံနှင့် ဓနိများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လေပြင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ဧပြီလနှင့် မေလများတွင် ဖြစ်ပွားတတ်သော လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်နှင့် လေပြင်းဒဏ်ခံနိုင် သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန် ရည်ရွယ်ကာ အိုးအိမ်အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများကို အင်္ဂပူမြို့နယ်အတွင်းရှိ ဆုံကုန်းကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျီကြီးကျေးရွာအုပ်စု၊ မှတ်တိုင်ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စု (၄)အုပ်စုမှ အိမ်ခြေ ၃၀၀ လုံးအား အိမ်ဆောက်ပစ္စည်း ဝါး၊ ဓနိ၊ ထရံတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
မန်းကျော်