ကြံခင်း မတ် ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ဆက်ကပ်ခြင်းခံရသော ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့နယ်မှ ဆရာတော်ကြီး (၄)ပါးအား ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က ဇီးပင်ကွင်းအုပ်စု အုပ္ပုံလမ်းဆုံမှ ဂုဏ်ပြုကြိုဆိုပင့်ဆောင်ခဲ့ပြီး ကြံခင်းမြို့ရွှေညောင်ပင်ကျောင်းတိုက်အတွင်း ဂုဏဝိသိဌ ပူဇော်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခြင်းခံရသော အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသ (မုခ်ထုပ်ကျောင်းတိုက်) ရွာသစ်ရပ်ကွက်၊ မဟာသဒ္ဓ မ္မဇောတိကဓဇဘဒ္ဒန္တဝါယမ (ရွှေညောင်ပင်ကျောင်းတိုက်) ရွှေတောင်စုရပ်ကွက်၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစိန္တာသေဋ္ဌ (ကုန်းမြင့်သာယာကျောင်းတိုက်) ကုန်းမြင့်ကျေးရွာ၊ ကမ္မဌာနာစရိယ ဘဒ္ဒန္တဝါယာမိန္ဒ (ရွှေခဲကျောင်းတိုက်) ခုံကြီးကျေးရွာအုပ်စု ဆရာတော်ကြီးများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများမှ ကြိုဆိုပူဇော်ပင့်ဆောင်ခဲ့ရာ ကားလမ်းတစ်လျှောက်ရှိ စေတနာရှင်ပြည်သူများက ဖူးမျှော်ပူဇော်ကန်တော့ကြပြီး လှုဖွယ်ဝထ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ခံရသည့် ဆရာတော်ကြီး(၄)ပါးကို ရွှေညောင်ပင်ကျောင်းတိုက်အတွင်းသို့ ပင့်ဆောင်ပြီး ပညာဆီမီးဓမ္မာရုံတွင် ဂုဏဝိသိဌပူဇော်ပွဲ မင်္ဂလာ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှုရှင် များနှင့် တပည့်ဒါယိကာ ဒါယိကာမများက "နမောတဿ "(၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးဝါယမထံမှ ငါးပါးသီလ ခံယူဆောက် တည်ခဲ့ပြီးနောက် ဘွဲ့တံဆိပ်တော်ရဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်မှ ဩဝါဒစကားမိန့်ကြားခြင်းနှင့် ကျေးဇူးတင်စကားမြွတ်ကြားခဲ့သည်။ ထိုနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၄)ပါးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော် အဆောင်အယောင်များ၊ လှူဖွယ်ပစ္စည်းများ နဝကမ္မအလှူငွေ(၁)ပါးလျှင် (၂)သိန်းကျပ် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီးနောက် လှူဒါန်းမှုအစုစု တို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု" (၃)ကြိမ် ရွတ်ဆိုပူဇော်ကာ အခမ်းအနားကို ညနေ(၆)နာရီအချိန်တွင် ပြီးမြောက်ခဲ့သည်။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ခံရသည့် ဆရာတော်ကြီး (၄)ပါးကို သတင်းသုံးတော်မူသော ကျောင်းတိုက်များသို့ တပည့်ဒါယကာ ဒါယိကာမများမှ ပရိတ်တရားဓမ္မများ ရွတ်ဖတ်ဖူးမြော်ပူဇော် ပင့်ဆောင်ကြကြောင်း သိရသည်။
မိုးမိုး(ကြံခင်း ပြန်/ဆက်)