ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရန် ကွင်းဆင်းစစ်ဆေး

ကော့သောင်း  သြဂုတ် ၃၁

ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက် version1.1နှင့်အညီ စားသောက်ဆိုင်များ ကျန်းမာရေးအရေးပေါ်ကာလအတွင်း ပြင်ဆင်ရောင်းချမှုရှိမရှိအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သက်ဆိုင်ရာပူးပေါင်းဌာနများဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များ၊  လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွှန်ကြားချက်နှင့်အညီဖြစ်စေရေး လက်ဆေးဘေစင်ဆောင်ရွက်ထားရှိမှု ရှိ/ မရှိ၊ ဆိုင် ဝန်ထမ်းများ Mask တပ်ဆင်ခြင်း ရှိ/ မရှိ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များတွင် တစ်ဦးနှင့်တစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်ထားမှု ရှိ/ မရှိ ၊ စားသောက်စားပွဲများအား Physical distancing ခင်းကျင်းထားရှိခြင်း၊ စားပွဲများတွင်း Partation ကော်ကြည်ပြား၊ ပလပ်စတစ် များခွဲခြားထားရှိခြင်း၊ ဆိုင်အားလေဝင်လေထွက် ကောင်းမွန်စေရန်စီစဉ်ထားရှိခြင်း၊ အစားအသောက်ပြင်ဆင်ရာအခန်းအား ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ပြင်ဆင်ထားခြင်း၊ ဆိုင်ဝန်ထမ်းများအား လိုအပ်သည့်ကာကွယ်ရေးအသုံးအဆောင် Mask၊ Faceshield နှင့် လက်အိတ်များဝတ်ဆင်ထားခြင်း၊ ကိုဗစ် ၁၉ ရောဂါ အသိပညာပေး ပိုစတာများ ချိတ်ဆွဲထားခြင်း၊ ငွေရှင်းကောင်တာအား ညွန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိခြင်း၊ လိုအပ်ပါက စားသုံးသူများအား Mask များ ရောင်းချပေးနိုင်ရန် စီစဉ်ထားခြင်း၊ ဆိုင်ဝန်ထမ်း အိပ်ဆောင်များအား တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာစီစဉ်ထားခြင်း စသည့်ညွန်ကြားချက် များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားခြင်း ရှိ မရှိတို့အား ကွင်းဆင်း စစ်ဆေးပြီး ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်တည်ခင်းရောင်းချခြင်းမရှိသော ဆိုင်များကို ညွှန်ကြားချက်နှင့် အညီ ဖြစ်စေရေး ဆောင်ရွက်သွားရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)