ဝါးခယ်မ၌ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ဝါးခယ်မ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် ကျေးရွာများအရောက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရွှေလောင်းကျေးရွာအုပ်စု အ.ထ.က(ရွှေလောင်း)ကျောင်း၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှုးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့်   ပြည်သူတို့၏   အဓိက လိုအပ်ချက်ဖြစ်သော   နိုင်ငံသားစိစစ်ရေးကတ်ပြား  ထုတ်ပေးရေးလုပ်ငန်းကို     သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးများ၌ ဆောင်ရွက်ပေးနေသည့်အပြင် သစ္စာစီမံချက်ရေးဆွဲကာ စက်ရုံ အလုပ်ရုံ၊ စက်မှုဇုန်များ၊ စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ယခုအခါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်သူများကို ကိုင်ဆောင်သင့်သည့်   မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ယခုကာလအတွင်း သစ္စာစီမံချက်ဖြင့် ရုံးပိတ်ရက်များပါမကျန် ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြောင်းမြခရိုင်ဦစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှုး ဦးလှအေးက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မှုနှင့် ပတ်သက်၍ သိကောင်းစရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပြီးဖြစ်သည့် ရွှေလောင်း၊ စပါးရို၊ ကမ်းပြို၊ စပ်ထုံး၊ ဟသ်ာထုံး စသည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူ စုစုပေါင်း ၁၀၇၂ ဦးအတွက် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများကို တာဝန်ရှိသူများက ကျေးရွာပြည်သူတစ်ဦးချင်းထံ လက်ဝယ်အရောက်ပေးအပ်ကြသည်။

ထို့နောက်  တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ   ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ လှေကျင်းရပ်ကွက်၌ ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးအတွက်   မှတ်တမ်းမှတ်ရာ၊   စာရွက်စာတမ်းများ  ဖြည့်သွင်းပြုစုဆောင်ရွက်နေမှုကို  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)