ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး မတ် ၁၈

ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လာမည့် ဧပြီလကုန်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့ ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသတွင် နေထိုင်သည့် ပြည်သူများအပါအဝင် မည်သူတစ်ဦး တစ်ယောက်မှမကျန်ဘဲ အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ဦးတည်အုပ်စု အားလုံးကို ရာခိုင်နှုန်းပြည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေး အတွက် ဌာနဆိုင်ရာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ Volunteer များက ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှု ကော်မတီဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင်လျန်ဟုပ်လိန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် ဟားခါးမြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေး တင်ပြပြီး သိက္ခာတော်ရ ဆရာတော် ဒင်းနစ် ငွန်ထောင်းမန်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ကျေးရွာများတွင် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြို့နှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများရှိ ပြည်သူများက သက်ဆိုင်ရာမြို့များရှိ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေး ကိစ္စ၊ နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တရားမဝင် ဝင်ရောက်မှု မရှိစေရေး စိစစ်ကြပ်မတ်ရေးကိစ္စ၊ ပြည်သူများအား ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စတို့နှင့် ပတ်သက်၍ အကြုံပြုဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သည့် ဆရာတော်များကို ကျေးဇူးတင်ကြောင်း၊ ကျေးရွာများရှိ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် ဖိအားပေးခြင်း မပြုလုပ်ဘဲ မိမိတို့ ဆန္ဒအလျှောက် ကာကွယ်ဆေး ထိုးနှံချင်လာအောင် အသိပညာပေး ဆောင်ရွက်ရွက်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ပြည်သူများ ရောဂါကူးစက်မှုနှင့် သေဆုံးမှုများရှိခဲ့သလို စတုတ္ထလှိုင်းဖြစ်သည့် Omicron မျိုးကွဲသစ်မှာ သေဆုံးမှုမရှိသော်လည်း  ကူးစက်မှုများရှိနေသည်ကို တွေ့ရှိရကြောင်း၊ ကျေးရွာနေပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရာတွင် ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံမှု ခံယူထားခြင်းဖြစ်သည့် အတွက် ကာကွယ်ဆေး ထိုးနှံရန်လိုအပ်မှု အခြေအနေများကို အကြံပြုဖြည့်စွက်တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ခရိုင် (ပြန်/ဆက်)