ကလေးမြို့နယ်တွင် အမျိုးသားစေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကလေး ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ Quarantine Centre များ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော စေတနာ့ ဝန်ထမ်း (Volunteer) များအား အမျိုးသား စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးမှ အဖွင့်အမှာစကား ပြောကြားပြီး ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုက တက်ရောက် လာကြသော စေတနာ့ ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။ ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ Quarantine Centre  များ၌ တာဝန်ထမ်းဆောင်လျက် ရှိကြသော စေတနာ့ဝန်ထမ်း (Volunteer) များအား အမျိုးသား စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ်၊ Mask နှင့် ရင်ထိုး တံဆိပ်များအား ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချို၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၊ ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျုံးလျန်ထန်းနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များမှ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်များထံ အသီးသီး ပေးအပ် ချီးမြှင့်ကြကြောင်း သိရသည်။

ယနေ့ပေးအပ်သည့် အခမ်းအနားသည် ဒုတိယအကြိမ်မြောက်အဖြစ် စေတနာ့ဝန်ထမ်း (၁၂၄၇) ဦး အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းဖြစ်ပြီး ဇွန်လ (၂၂) ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် စေတနာ့ ဝန်ထမ်း (၆၀၁) ဦးအတွက် ဂုဏ်ပြုလွှာများ ပေးအပ်ထားပြီးဖြစ်သဖြင့် ကလေးမြို့နယ်အနေဖြင့် Quarantine Centre များ၌ တာဝန်ထမ်းဆောင်သူ စေတနာ့ဝန်ထမ်း စုစုပေါင်း (၁၈၄၈) ဦးအား အမျိုးသား စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းထိုက်အောင် (ပြန်/ဆက်)