ဇလွန် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့် အချက်များကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများက ဇလွန်မြို့ပေါ်ရှိ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးလောင်ကျွမ်းမှု ဖြစ်စေတတ်သော လောင်စာဆီများနှင့် လောင်စာများ သိုလှောင်ထားခြင်း မပြုရန်၊ နေအိမ်တွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်ခြင်း ရှိ/ မရှိ အခါအားလျော်စွာ စစ်ဆေးအသုံးပြုရန်၊ မီးသွေး/ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်း မီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု/ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဝေယံ