ပခုက္ကူမြို့နယ်တွင် ကျွန်းစိုက်ခင်းသီးနှံများ ရိတ်သိမ်း၊ ဈေးကောင်းရရှိ

ပခုက္ကူ မတ် ၁၆

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်သည့် ကျွန်းများ၊ ယာမြေများပေါ်တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံများ ရိတ်သိမ်းလျက်ရှိပြီး ယခုနှစ်ဈေး ပဲအမျိုးနှင့် စီပီပြောင်းများဈေးကောင်း ရရှိကြောင်းသိရသည်။

ပဲထောဖတ်ဖြူ(ထောဖြူ)စိုက်တယ်။ ယခင်နှစ်နဲ့ နှိုင်းရင် ထွက်နှုန်းတော့ကျတယ်။ အဓိကမြေဩဇာ ဈေးကြီးတော့ လိုသလောက် မသုံးနိုင်ခဲ့ဘူး၊ သုံးပုံတစ်ပုံလောက် ထွက်နှုန်းက ကျသွားတယ်။ ဒါပေမယ့် ထောဖြူဈေးက ယမန်နေ့က ဆိုရင်တစ်တင်းကို ကျပ်၄၆၉၀၀ ရှိတယ်။

ဈေးကောင်းတော့ တွက်ချေတော့ကိုက်ပါတယ်ဟု ရေလယ်ကျွန်း ရွာတစ်ရွာဖြစ်သည့် ကျွန်းပုလု ကျေးရွာမှ တောင်သူ ဦးကြည်နွယ်က ပြောသည်။

ပခုက္ကူမြို့နယ်တွင်‌ ဧရာဝတီမြစ်ရေဝင်ရောက်သည့် ဒေသများ၌ ပဲအမျိုးမျိုး၊ စီပီပြောင်း၊ ဟင်းသီးဟင်းရွက် သီးပင်စားပင်မျိုးစုံနှင့် နေကြာတို့အဓိက စိုက်ပျိုးကြကြောင်းသိရသည်။

ကိုဇော်(ဓာတု)