သာယာဝတီမြို့ ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော သီရိဓမ္မမဟာပဋ္ဌာန ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ

သာယာဝတီ မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော သီရိဓမ္မမဟာပဋ္ဌာန ဆုတောင်းပြည့် စေတီတော်နှင့် အရံစေတီတော်တို့အား ရွှေသင်္ကန်းကပ်လှူခြင်း၊ ထီးတော်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ရေစက်ချအလှူတော်မင်္ဂလာပွဲကို မတ်လ ၁၆ ရက် (တန်ပေါင်းလပြည့်)နေ့ နံနက်ပိုင်းကကျင်းပပြုခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်၊ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယနှင့် ဆရာတော်၊ သံဃာတော်များ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယက ပရိတ်နံ့သာရည်များ ပက်ဖျန်းကြကာ သီရိဓမ္မမဟာပဋ္ဌာန ဆုတောင်းပြည့်စေတီတော်မြတ်အား ထီးတော်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဆန်းဟို၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်မျိုးလွင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲကြကြောင်း သိရသည်။

သန့်ဇော် (သာယာဝတီ)