ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ပဲခူး မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ အထင်ကရတစ်ခုဖြစ်သော မြို့ကျက်သရေဆောင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည့်အားလျော်စွာ မတ် ၁၆ ရက် နံနက်ပိုင်းမှစ၍ ပဲခူးမြို့ရှိ ဒေသခံပြည်သူများ အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးမြို့အတွင်း စေတီတော်များဖြစ်သည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၊  သမိုင်းဝင် ရွှေသာလျောင်း၊ စိန်သာလျောင်း၊ မြသာလျောင်း၊ မဟာစေတီ၊ ရွှေဂူလေးဘုရား၊ မဟာကြီး၊ ကိုးသိန်း ကိုးသန်းဘုရား၊ ကျိုက်ပွန်စေတီတော်မြတ်ကြီးများတွင်လည်း ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြကာ ဂုဏ်တော်များနှင့် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြပြီး ရုံးပိတ်ရက်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်နီးရပ်ဝေး ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထို့အပြင်  လေ့လာစရာ သမိုင်းဝင် အမွေအနှစ်များစွာရှိသည့် ကမ္ဘောဇသာဒီရွှေနန်းတော်သို့လည်း  အနယ်နယ်အရပ်ရပ်မှပြည်သူများ လာရောက်လေ့လာလျက်ရှိပြီး အပန်းဖြေ ပြည်သူများဖြင့် လည်း စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)