ကော့သောင်း မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တည်ထားကိုးကွယ်သည့် မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူ ပူဇော်ပွဲနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ဗုဒ္ဓပူဇနိယမင်္ဂလာ အခမ်းအနားအား မတ်လ ၁၆ရက်နေ့ တပေါင်းလပြည့်နေ့ နံနက်ပိုင်းက စေတီတော် ရင်ပြင်တော်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုပြီး ဖွင့်လှစ်ကာ ပြည်တော်အေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓဉာဏထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြ၍ ပရိတ်တရာများနာယူကာ သံဃာတော်များအား လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။
ဆက်လက်၍ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဇော်လင်း၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန့်၊ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥပဿကာများ၊ ဂေါပကအဖွဲ့များက ဒေဝါဝင်း၊ ရာဇာဝင်း အဖွဲ့များ ခြံရံလျက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို ပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်၍ မင်္ဂလာပန်းရထားဖြင့် စေတီတော် အထွဋ်သို့ အဆင့်ဆင့် တင်လှူပူဇော်ခဲ့ကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်များက ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပူဇော်ကြပြီး ကြွရောက်လာသည့် ဆရာတော်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)