အင်းတော် ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဒေသအတွင်း CERP အစီအစဉ်ဖြင့် မိုးစပါး စီးပွားဖြစ် မျိုးသန့် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ( ၁၀ ) နာရီ အချိန်က အင်းတော်မြို့ စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် အင်းတော်မြို့နယ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးသိန်းတန် က အမှာစကားပြောကြားခဲ့ပြီး၊ ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်သီး နှံကာကွယ်ရေး တာဝန်ခံ ဦးအောင်မျိုးဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင် တို့က CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော မိုးစပါးမျိုးစေ့ထုတ်တောင် သူများအား ထောက်ပံ့ငွေ ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက် လာကြ သော တာဝန်ရှိသူများက မိုစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် မြို့နယ်အတွင်း မိုးစပါး စီးပွားဖြစ် မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ် ဧက ( ၅၅၀ ) စိုက်ပျိုးထားရှိပြီး ပထမအကြိမ် မျိုးစေ့ဘိုးနှင့် လုပ်အားခတန်ဖိုး အဖြစ် မှော်ဘီ၊ ဆင်းဧကရီ-၃ စိုက်ပျိုးတောင်သူများအတွက် တစ်ဧကလျှင် ၈၃၅၀၀ ကျပ်နှုန်း၊ ဧရာမင်း စိုက်တောင် သူများအတွက် တစ်ဧကလျှင် ၈၅၅၀၀ ကျပ်နှုန်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
ကျော်သီဟ(အင်းတော် ပြန်/ဆက်)