ဖျာပုံ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ် လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွား လမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို မတ်လ (၁၆)ရက်နေ့နံနက်(၈)နာရီခွဲအချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်လဝကဦးစီးမှူး ဦးဇော်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့၊ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပညာပေးလှုပ်ရှားမှု အစီအစဉ်များဖြင့် တင်ဆက်ခြင်း၊ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို မြို့ပေါ် လူစည်ကားရာ နေရာများဖြစ်သော ဆိပ်ကမ်းသာစျေး၊ ဒုတိယလမ်း မီးပွိုင့်ဒေါင့်နှင့် မြောက်ပိုင်းစျေးတို့တွင် Mask နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများအား Mask အခုရေ (၂၀၀၀)ကျော်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)