ကျောက်တံခါး မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ရေလည်စုကျေးရွာ ရေလည်စု ဘုရားကြီးတွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ် အချိန်အခါသမယ ယနေ့နံနက်ပိုင်းမှစ၍ ကျောက်တံခါးမြို့ရှိ ဒေသခံပြည်သူများ အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့ တပေါင်းလပြည့်နေ့တွင် ရေလယ်စုကျေးရွာ ရေလည်စုဘုရားကြီးအတွင်း၌ ကျောက်တံခါးမြို့ ဒေသခံများနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များက ကျွန်းကုန်း တောရကျောင်းတိုက်ဆရာတော်ကြီးအား အမှူးထား၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ တစ်ပါးဆွမ်း ကပ်လှူခြင်း စသည့် အလှူဒါနများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြပြီး ဘုရားဖူးလာ ပြည်သူများအား အဟာရဒါနကျွေးမွေးလှူဒါန်းကြသည်။
အလားတူ ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်းမြို့၊ ဖဒိုမြို့နှင့် တောကျွဲအင်း(ခ) အောင်မြင်မြို့တို့ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဘုရာဖူးသူများ၊ ဥပုသ်သီလ စောင့်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စန်းစန်း (ပြန်/ဆက်)