တောင်ငူ မတ် ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း တည်ထားကိုးကွယ်ထားရှိသည့် သမိုင်းဝင်ရွှေဆံတော်စေတီတော် မြတ်ကြီးသို့ ယနေ့ တပေါင်း လပြည့်နေ့ နံနက်ပိုင်းက လာရောက်ဖူးမြော်သူများနှင့် ကုသိုလ်ပြုကြသူများရှိကြောင်း ဘုရားဂေါပက အဖွဲ့ရုံးထံမှ သိရသည်။
“နှစ်စဥ်နှစ်တိုင်း တပေါင်းလပြည့်နေ့ ရောက်တိုင်း သီလဆောက်တည် ကုသိုလ်ယူဖြစ်ပါတယ်။ နံနက်အာရုံဆွမ်းဆက်ကပ် လောင်းလှူပြီးတော့ ပန်း ရေချမ်း ဆီမီးကို စေတီတော်မြတ်ကြီးထံမှာ လာရောက် ဆက်ကပ်ပူဇော်တာပါ။ မိသားစုနဲ့အတူ လာရောက်ဖူးမြော်တာပါ။ အခုလို တပေါင်းလပြည့်နေ့ အခါသမယမှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်းနဲ့ ကပ်ရောဂါဆိုးတွေလည်း အမြန်ဆုံး ကင်းဝေး ပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် ” လဲဘူးကျေးရွာမှာ လာရောက်ဖူးမြော်သူတစ်ဦးက ပြောကြားသည်။
တောင်ငူမြို့နယ်အတွင်း နှစ်စဉ်နှစ်တိုင်း တပေါင်းလရောက်ရှိချိန်တွင် လပြည်နေ့အခါသမယ၌ သမိုင်းဝင် မြတ်စောညီနောင် စေတီတော်မြတ်ကြီး၊ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ကေလဇာတီစေတီတော်မြတ်ကြီး၊ မြစည်းခုံစေတီတော်မြတ်ကြီး၊ ကောင်းမှုတော်စေတီတော်မြတ်ကြီး၊ မြလိန္ဒစေတီတော်၊ စည်းခုံကြီးစေတီတော်များတွင် ကုသိုလ်ပြုကြသူများနှင့် လာရောက် ဖူးမြော်သူများစွာရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)