အင်းတော် ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသ အတွင်းရှိ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ( CAHW ) သင်တန်းသားများအား တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ် ( GAHP ) နည်းပညာပေး သင်တန်း ဖွင့်ပွဲကို ၂၀၂၀ ခုနှစ်၊ယမန်နေ့ ရက် ၊ နံနက် ၉ နာရီ အချိန်က အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက် စိန်ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မိမိတို့အနေဖြင့် ဒေသအတွင်း တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ အကြောင်း ကို ယခုသင်တန်းတွင် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ရောဂါဖြစ်ပွား လျက်ရှိသော တိရစ္ဆာန်မှ အခြားတိရစ္ဆာန်များသို့ ရောဂါကူးစက်ပုံများ၊ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်မှ လူသားသို့ ကူးစက်တတ်သော ရောဂါများ အကြောင်းကိုလည်းကောင်း၊ ကူးစက်ရောဂါများ ဖြစ်ပွားပါက သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ သတင်းပေးပို့ရမည့် နည်းလမ်းများ၊ ပေးပို့ပုံ ပေးပို့နည်းများ၊ ကာကွယ်ရေး နည်းလမ်း များ၊ ရောဂါထိန်းချုပ်မှု နည်းလမ်း များကို သင်ကြားပြသသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် ( GAHP ) နည်းလမ်းများ ကိုလည်း ဖြည့်စွက်သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ပြောပြခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အင်းတော်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းတန် က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မင်းဦးက သင်တန်းဖွင့် လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ အင်းတော်မြို့ နယ်အတွင်းမှ တိရစ္ဆာန် ကျန်းမာရေး လုပ်သား (CAHW) သင်တန်းသား ( ၂၀ ) ဦး တက်ရောက်ခဲ့ကြပြီး ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၂ ရက်နေ့ထိ ၅ ရက်တာ သင်တန်းဖွင့်လှစ် သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်သီဟ