ဗန်းမေက် သြဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလ CERP အစီအစဉ်ဖြင့် မိုးစပါးစီးပွားဖြစ် မျိုးသန့်၊ မျိုးစေ့ထုတ်တောက်သူများအား မျိုးဖိုးနှင့်စိုက်ပျိုးစရိတ် ပထမအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးမင်းက အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖုန်းမောင်နှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်စိုးတို့က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်တောင်သူ များအား ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက် များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အရည်အသွေးကောင်း (စပါး) စိုက်ပျိုးဧက(၁)ဧကလျှင် မျိုးစေ့ဖိုးနှင့် လုပ်အားခ(၈၃၅၀၀)ကျပ်၊ အထွက်ကောင်း (စပါး) စိုက်ပျိုးဧက (၁)ကလျှင် မျိုးစေ့ဖိုးနှင့် လုပ်အားခ (၈၃၅၀၀)ကျပ်စီထောက်ပံပေး အပ်ခြင်းဖြစ် ပြီး ဗန်းမောက် မြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူ (၁၁၉)ဦး၊ စိုက်ပျိုးဧက (၃၅၀) အတွက် ငွေကျပ်စုစုပေါင်း (၂၉၂၂၅၀၀၀)ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မျိုးစေ့ထုတ် တောင်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)