ပြည် မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထက (၃) ခန်းမဆောင်၌ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး မှတ်တမ်းကတ်သုံးစွဲခြင်းဆိုင်ရာ မိတ်ဆက်သင်တန်းနှင့် Mannual on Primary Oral Health Care သုံးစွဲခြင်းဆိုင်ရာ မိတ်ဆက်သင်တန်း ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်း၊ ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ခင်သီတာဝင်းနှင့် ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာဝန်ဒေါက်တာယုဝါဦးတို့က သင်တန်း၏ ရည်ရွယ်ချက်နှင့် ကျန်းမာရေးဌာန၏ ကျောင်းကျန်းမာရေးကတ်အသုံးပြုခြင်း လုပ်ငန်းလမ်းညွှန်စာအုပ်ပါ အကြောင်းအရာများကို ပါဝါပွိုင့်များဖြင့် အသီးသီးဆွေးနွေးပို့ချပြီး KG တန်းမှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်း၌ ရေးသွင်းရမည့် အချက်အလက်များကိုလည်း အသေးစိတ်ဆွေနွေးပို့ချခဲ့ရာ တက်ရောက်လာသော ပညာရေး ဌာနမှ ဆရာ၊ ဆရာမများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ အပါအဝင် ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်/လယ်/မူ ကျောင်းများမှ ဆရာ၊ ဆရာမများ၊ အုပ်စုမှူးဆရာ၊ ဆရာမများနှင့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ ဆရာ၊ ဆရာမများ စုစုပေါင်း (၅၄) ဦးတက်ရောက်ပြီး သင်တန်းကာလ တစ်ရက်ဖြစ်ကြောင်း သိရသည်။
ကိုစိုးပြန်/ဆက်