ရေကြည် သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ ရေရှည်တည်တံ့ ပွားများစေရန်၊ စဉ်ဆက်မပြတ်ငါးစားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မှု တိုးတက် မြင့်မားလာစေရန်အတွက် သဘာဝရေပြင်၊ မြစ်ချောင်းများ၊ ဆည်တမံများ၊ ဂရန်အင်းများနှင့် စပါးခင်းများအတွင်းသို့ နှစ်စဉ်ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယခုနှစ်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅၄၀၀၀၀)စိုက် ထည့်ခြင်း အခမ်းအနားကိုယနေ့နံနက်(၉)နာရီအချိန်က သောင်ရွာကူးတို့ဆိပ်တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်၊ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသော်ထွန်းဦး ၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကံညွှန့် ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ငါးလုပ်ငန်းကြီးကြပ်ရေး နှင့် ကော်မတီဝင်များ ရပ်ရွာအခြေပြုငါးလုပ်ငန်းအစု အဖွဲ့ဝင်များ ဒေသခံပြည်သူများက ငဝန်မြစ် အတွင်း ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ နှစ်သိန်း၊ ငါးရွှေဝါငါးသား ပေါက် ကောင်ရေ တစ်သိန်း၊ ငါးခုံးမကြီးနှစ်သိန်းလေးသောင်းကို ငါးမျိုးစိုက်ထည့် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
အောင်သူဟန် ၊ (ပြန်/ဆက်)