ကျုံပျော် ဩဂုတ် ၃၀
လက်ရှိဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် စတင်ဆောင်ရွက်ခြင်းကို သြဂုတ် ၃၀ ရက် နံနက်က စတင်ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မြို့အဝင်ဂိတ်၊ မြို့မဈေးရှေ့နှင့် အင်းရဲလမ်းဆုံတို့တွင် အဖွဲ့(၃) ဖွဲ့ခွဲကာ Mask မပါရှိသူများအား Mask (၃) ခုလျှင် ငွေ (၃၀၀၀) ကျပ်နှုန်း ကောက်ခံကာ ယခု ဝယ် ယခုတပ် ဆောင်ရွက်ပေးလျှက်ရှိသည်။
ထိုသို့မပြုလုပ်မီ ယခင် သြဂုတ် (၂၇) ရက်မှ (၂၉) ရက်နေ့အထိကို ပညာပေးကာလ သတ်မှတ်ကာ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာပါက Mask စနစ်တကျ တပ်ဆင်သွားလာရေး အတွက် အသိပေးလှုံဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ် -၁၉ ကာကွယ်ရေးအတွက် အသိပညာပေး ခြင်းလုပ်ငန်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လှုံ့ဆော်အသိပေးခြင်းများ မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)