ငွေဆောင် ဩဂုတ် ၃၀
ဧရာဝတီ တိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးဝဏ္ဏဝင်း၏ကြီးကြပ်မှုဖြင့် ဧရာဝတီ လူငယ်ကွန်ယက်နှင့် ငွေဆောင်ပရဟိတလူငယ်များအဖွဲ့တို့ ပူးပေါင်း၍ ငွေဆောင်မြို့စျေးသို့ စျေးဝယ်လာသော ပြည်သူများ ၊မြို့ပေါ်ရပ်ကွက်(၄)ခု နှင့်သဇင်ကျေးရွာရှိပြည်သူများအား အပြင် ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ ဝတ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း ၅၀၀၀ကို အခမဲ့ ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာနေများဖြစ်သည့် စျေး၊ လမ်းဆုံနှင့် ရပ်ကွက်/ ကျေးရွာများအတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက် များကို အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)