တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်းချောင်းပေါ်ရှိ ဘုတ်ပြင်း-အုန်းတောကမ်းတံတားမကြမီဖွင့်လှစ်မည်

ဘုတ်ပြင်း   မတ်   ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် ဘုတ်ပြင်းချောင်းပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးအဖွဲ့(၄) တံတား အထူးအဖွဲ့(၁၃)က တာဝန်ယူတည်ဆောက်ခဲ့သည့် ဘုတ်ပြင်း-အုန်းတောကမ်းတံတားမှာ ယခုအခါ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး သွားပြီဖြစ်၍ ပြည်သူများအသုံးပြုနိုင်ရန် မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်နှင့်အုန်းတောကမ်းကျေးရွာစုရှိ ကျေးရွာများအား ကာလမ်းချိတ်ဆက်ပေးမည့် ဘုတ်ပြင်း-အုန်းတောကမ်းတံတားသည် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားဖြစ်၍ တံတာအရှည် သည် (၁၂၀၀)ပေရှိပြီး ယာဉ်သွားလမ်းအကျယ် (၂၄)ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၃)ပေစီ၊ ရေလမ်းကင်းလွတ်အကျယ်(၈၃)ပေ၊ရေလမ်းကင်းလွတ်အမြင့်(၁၈)ပေရှိကာ တံတားခံ နိုင်ဝန်မှာ ယာဉ်တစ်စီးချင်း တန် (၆၀)ဖြစ်ကြောင်း  တံတား၏အောက်ခံအုပ်မြစ်များအား အချင်း (၁.၂)မီတာရှိသည့် ဘိုးပိုင်များဖြစ်၍ တံတားအပေါ်ကိုယ်ထည်မှာ သံကူ ကွန်ကရစ်ရက်မ၊ သံမဏိ ရက်မ(Plate Girder)နှင့်သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားကြောင်း သိရှိရသည်။

အဆိုပါတံတားကို တည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့(၁၃)မှ ငွေကျပ်သန်းပေါင်း (၅၄၃၄) သန်းဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၈ ရက် မှစတင် တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တံတားမတည်ဆောက်မီက အုန်းတော်ကမ်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ဘုတ်ပြင်းမြို့သို့ သွား လာရာတွင် ရေလမ်းဖြင့်အသုံးကြရသည့် အတွက် မိုးတွင်းကာလတွင် သွားရေးလာရေး ခက်ခက်ခဲခဲ သွားလာခဲ့ကြရသည်၊   မကြာမီ တံတာကြီးပေါ်မှ ဖြတ်သန်း၍ အချိန်တိုအတွင်း သွားလာနိုင်တော့ မည်ဖြစ်ကာပညာရေး၊ ကျန်မားရေး၊ ခြံထွက်သီးနှံများ၊ ရေထွက်ပစ္စည်းများ ယခင်ကထက်လျှင်မြန် လွယ်ကူစွာသွားလာ တော့မည်ဖြစ်၍ ဒေသဖွံဖြိုးရေးကိုများစွာ အထောက်အကူပြုစေမည် ဖြစ် ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)