ထီးလင်း သြဂုတ် ၃၀
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများပြည့်စုံမှန်ကန်စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၇နာရီခွဲက ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲပေး ပိုင်ခွင့်ရှိသူတိုင်းမဲပေးခွင့်ရရှိရေးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၏ လိုအပ် ချက်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲတို့မှ ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် မြို့နယ်ပညာရေး၊ မြို့နယ် ကျန်းမာရေး ဌာန နှင့် ကျန်ဌာနများ အနေဖြင့်လည်း လိုအပ်သည်များပေါင်းစပ်ကူညီ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒိ္ဓက ထီးလင်းမြို့နယ်အတွင်း ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၇၁)အုပ်စု စုစုပေါင်း (၇၃)ခုတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈၀၂၅ ဦးရှိပြီး မဲရုံပေါင်း ၁၀၀ ရှိကြောင်း ၊မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးကျော်သန်းက မဲစာရင်းများ ပြုစုခြင်း၊ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ထားရှိမှု များနှင့် ပတ်သတ်၍ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက လိုအပ် သည်များ မှာကြားခဲ့သည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဂန့်ဂေါခရိုင် အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရ သည်။
အေလေးငယ်(ပြန်/ဆက်)