လှိုင်းဘွဲ မတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်း၊ ကမ်းနီ၊ ကော့လုံကျွန်း၊ ကော့ကရက် ကျွန်းစသည့် ကျေးရွာများတွင် ဒေသတွင်းဆီဖူလုံမှု ရှိနိုင်စေရေးအတွက် ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းပဲပုပ်နှင့်နွေနှမ်း စသည့်ဆီထွက်သီးနှံများအား တောင်သူများက မိမိတို့၏လယ်ယာမြေနှင့် ကိုင်းကျွန်း မြေများ၌ နှစ်စထွန်ယက်စိုက်ပျိုးလုပ်ကိုင်နေကြကြောင်း ဆီထွက်သီးနှံကိုအဓိကအားထား စိုက်ပျိုး လုပ်ကိုင်နေကြသော တောင်သူများက ရှင်းပြသည်။
ဆောင်းမြေပဲနှင့် ဆောင်းနှမ်းကိုယခုကာလအတွင်း ရိတ်သိမ်းသိုလှောင်ခြင်း၊ ရောင်းချခြင်းများကို ဆောင်ရွက်နေလျက် ရှိကြရာမြေပဲဆံ (၁)ပိဿာလျှင်ငွေ(၄၀၀၀)ကျပ်စျေးရှိပြီးမြေပဲဆီရရှိရန်အတွက်ဆီကြိတ်စက်များကမြေပဲဆံ(၁)ပိဿာကြိတ်ခအဖြင့်ငွေ(၃၅၀)ကျပ်ပေးရကြောင်း၊ မြေပဲဆီ(၁)ပိဿာငွေ (၁၀၀၀၀)ကျပ် စျေးဖြင့် ဒေသတွင်းစားသုံးသူများအား ရောင်းချပေးနေလျက်ရှိရာ ဒေသတွင်းပြည်သူများက နိုင်ငံခြားမှ တင်သွင်းသောစားအုန်းဆီများမှာ(၁)ပိဿာလျှင်ငွေ(၈၀၀၀)ကျပ်ဖြင့် ဝယ်ယူစားသုံးနေကြရမည့်အစား ကျန်းမာရေးနှင့်ညီညွတ်သည့် မြေပဲဆီ စစ်စစ်ကိုသာ ဝယ်ယူစားသုံးကြတော့ကြောင်း ဒေသနေပြည်သူများ ကပြောကြသည်။
မြေပဲအဝယ်ဒိုင်များနှင့် ဆီကြိတ်စက်ပိုင်ရှင်များက ယခုနှစ်ဆောင်းမြေပဲအထွက်နှုန်းနည်းပါးကြောင်း၊ အခွံပါမြေပဲများကို တင်းဖြင့်ဝယ်ယူကြ၍ မြေပဲဆံရရှိရန်အတွက်လူငှားပြီး မြေပဲခွံခွာခိုင်းကြရကြောင်း၊ မြေပဲဆံ(၁)ပိဿာကို ကြိတ်ခွဲလျှင်ဆီ(၄၅)ကျပ်သားခန့် ထွက်ရှိကြောင်း၊ မြေပဲဆံ (၁)တင်းကြိတ်လျှင် ဆီ(၇)ပိဿာနှင့်( ၂၀)ကျပ်သားခန့်ရရှိကြောင်း၊ ဆီကြိတ်ပြီးနောက်ထွက်ရှိသော မြေပဲကြိတ်ဖတ်များကို (၁)ပိဿာလျှင်ငွေ (၁၆၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ သက်သတ်လွတ် မြေပဲဖတ်ငါးပိပုံစံမျိုးချက်စားကြရန်နှင့် နွား၊ ဝက် စသည့် အိမ်မွေးတိရိစ္ဆာန်များအတွက် အစာအဖြင့် ဝယ်ယူသိုလှောင်ကြသူများရှိပါကြောင်း ဆီစက်ပိုင်ရှင်များက ရှင်းပြပေးသည်။
လင်းသန့်(ပြန်/ဆက်)