ဖျာပုံမြို့၌ ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်း ဆွေးနွေး

ဖျာပုံ မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ချေးငွေစိစစ်ရေးအတွင်းရေးမှူးများနှင့် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါယခင် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီး မန်နေဂျာ ဦးသိန်းထိုက်က မြို့နယ်အတွင်းရှိ တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေသစ်များ ထပ်မံထုတ်ချေးပေးနိုင်ရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေဟောင်းများအား အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပေးသွင်းရန်လိုအပ်ကြောင်း၊ သို့မှသာချေးငွေများ ထပ်မံ ထုတ်ချေးနိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေ စည်းမျဉ်းများနှင့် အညီ ထုတ်ချေးပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသည့် ကျေးရွာအုပ်စု (၇၅) အုပ်စုမှကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ချေးငွေစိစစ်ရေးအတွင်းရေးမှူး (၈၀)ဦးတို့က စိုက်ပျိုးစရိတ်ချေးငွေ များ ပြန်လည်ပေးဆပ်နိုင်ရေး တောင်သူများအနေဖြင့် ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများနှင့် ချေးငွေစည်းကမ်းသတ်မှတ်ချက်များ၊ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည် ပေးဆပ်နိုင်ရေးကိစ္စများအား အသီးသီးမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)