ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်‌ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

ပဲခူး မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို  ဧပြီလ(၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ဆုတောင်းပြည့် ရွှေမော်‌ဓော စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

 “ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၂)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ပေမဲ့  ကိုဗစ်-၁၉ ရောဂါကြောင့် မကျင်းပနိုင်ခဲ့တာ (၂) နှစ်ရှိခဲ့ပါပြီ။ အခု (၂၀၂၂) ခုနှစ်မှာတော့ (၂၆၀၄)နှစ်မြောက်အဖြစ် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ကျင်းပ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပွဲတော်ကို ကျင်းပပေးသွားမှာဖြစ်လို့ လူ၊ ရှင်၊ ရဟန်း ပြည်သူအများ ဝမ်းသာပီတိ ဖြစ်ရပါကြောင်း” ဆုတောင်းပြည့် ရွှေမော်‌ဓောစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးရွှေသိန်းထံမှ သိရသည်။

ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ခူး လဆန်း (၁၀)ရက်နေ့ ညနေ(၄)နာရီတွင် ဩဝါဒဆရာတော်ကြီးများ အမှူးထားပြီး ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း၊ တန်ခူးလဆန်း(၁၄)ရက်နေ့ နံနက်(၅)နာရီတွင် အနေကဇာတင်ခြင်း နှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ တန်ခူးလဆန်း(၁၅)ရက်နေ့ နံနက်(၅)နာရီတွင် ဆွမ်းတော်ကြီးတင် လှူပူဇော်ခြင်း၊ ညနေ (၃)နာရီတွင် ဘုရားအမှူးပြုသော သံဃာတော် (၅၀၀)ပါးတို့အား အများပေါင်းစု ကောင်းမှုကုသိုလ် တို့ဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခြင်းများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)