ဘုတ်ပြင်း မတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က Women Club အဖွဲ့မှ စာဖတ်စွမ်းရည်၊ အသိပညာဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ အတွဲ(၁၉) အမှတ်(၄)မှ သောင်းညွန့်ဦး(ငါးသိုင်းချောင်း)ရေးသားသည့် အသည်းကင်ဆာကြောက်စရာ၊ ညွန့်ဝင်း (နတ်တလင်း) ရေးသားသည့် အောက်ဆီဂျင်ရရှိစေသော အစားအစာများ၊ မင်းမောင်မြင့် (ကလော့သော့) ဆောင်းရာသီနှင့်ကျန်းမာရေး စသည့် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် Women Club ဥက္ကဋ္ဌ ဒေါ်အေးပိုက အသည်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်များသည့် ကင်ဆာရောဂါများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အသည်းကင်ဆာသည် ငယ်ရွယ်သူကလေးများမှစ၍ အသက် ၄၀နှင့် ၅၀ အကြားတွင် အများဆုံးဖြစ်တတ်သည်။ အသည်းကင်ဆာကိုဖြစ်သော အဓိကအကြောင်းအရင်းများမှာ အသည်းရောင်အသားဝါကိုဖြစ်စေသည့် ဗိုင်းရပ်စ် (ဘီ)ပိုးသည် ခန္ဓာကိုယ်အတွင်းကြာရှည်စွာ ရှိနေခြင်းနှင့်အယ်ဖာတော့ဆင် ကဲ့သို့ အဆိပ်ပါ သည့် မှိုတက်နေသော ငရုတ်သီးခြောက်၊ပဲမျိုးစုံ၊ပုဇွန်ခြောက်၊ငါးခြောက်စသည့် မှိုများပါရှိနေသော အစားအစာများကို ကြာရှည်စွားစားသုံးခြင်းကြောင့် အသည်းကင်ဆာရောဂါဖြစ်ပွားစေသည့် ဆောင်းပါးပါ အကြောင်းအရာများ ကိုလည်းကောင်း ဒေါ်ရတနာမောင်မောင်က လူအပါအဝင် သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ရန် အောက်စီဂျင်လိုအပ်ပါသည်။အစိမ်းရောင်ရှိသော သစ်ပင်များက သက်ရှိများအတွက် အောက်ဆီဂျင် ထုတ်ပေးနိုင်ပြီ သက်ရှိများ ရှုထုတ်လိုက် သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်ပင်များက ပြန်လည်စုပ်ယူသည်။ လူတို့အနေဖြင့် လေထဲမှ အောက်ဆီဂျင်ကို ရှုသွင်းပြီး အဆုတ်၌ သိုလှောင်ကာ အဆုတ်မှတဆင့် သွေးအတွင်းသို့ ရောက်ရှိပြီး ဦးနှောက်နှင့် ခန္ဓာကိုယ် ဆဲလ်များသို့ ပြန့်နှံ့သည်။ အောက်ဆီဂျင်ကို လေမှတိုက်ရိုက်ရသကဲ့သို့ အစားအစာ များမှ ရရှိနိုင်သည့် ဆောင်းပါးပါအကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်အေးစုစုအောင်က ဆောင်းရာသီမှာ ကျန်းမာရေးနှင့်ပတ်သက်၍ ဘယ်လိုနေထိုင်စားသောက်ရမည့်အချက်များနှင့် ပတ်သက်၍ ဆောင်းပါးပါ အကြောင်းအရာများ ကို ဆွေးနွေးခဲ့ပြီး Women Club အဖွဲ့ဝင်များက စာပေဖတ်ရှု ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာများအပြင် အသိပညာဗဟုသုတများနှင့် မိမိတို့၏အတွေး အမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)