မိုးညို မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်များ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးလက်မှတ်များ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိုးညိုမြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ လူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိစစ် ဆေးခြင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသော ခရီးသွားပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မတ်လ ၁၀ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ မိုးညို-မင်းလှသွား ကားလမ်းမကြီး မြို့အဝင်ဂိတ်တွင်လည်းကောင်း၊ မိုးညို-ရေကင်း သွားကားလမ်းမကြီး မြို့အဝင်ဂိတ်များတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသွားလာ ကြမည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးပါက ဆေးထိုးလက်မှတ်များကို ယူဆောင်လာကြရန်နှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများကိုလည်း ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း